မိုးနဲ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်ခေးခရိုင် မိုးနဲမြို့နယ်၌ စိုက်ပျိုးထားသော DU-12 မိုးစပါးစိုက်ခင်း များအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နမ့်မော်ဆွမ့် ကျေးရွာအုပ်စု ကွင်းအမှတ် (၄၅) တောင်သူဒေါ်နန်းအုံ စိုက်ပျိုးထားသောလယ်မြေ နေရာ၌ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ကွင်းဝန်ထမ်းများ က စံကွက်ရိတ်သိမ်းမည့်လယ်ကွက်၌ တစ်ဧကရှိ ကောက်ကွက်၊ အနှံပါ ပင်ပွား ၊တစ်နှံပါ အောင်စေ့၊ အလေးချိန် စသည့်စံနှုန်းတိုင်းတာခြင်း၊ ရိတ်သိမ်းခြွေလေ့ထားသော စပါးများ၏ အထွက်နှုန်းကို တိုင်းတာ ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ DU-12 မိုးစပါးစိုက်ခင်းအား ရိတ်သိမ်းခြွေလေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအစို ၁၁၇ ဒသမ ၂၅ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ရိတ်သိမ်းခြွေလေ့စက် အသုံးပြုရိတ်သိမ်းသဖြင့် အချိန်ကုန်သက်သာစေခြင်း၊ စရိတ်သက်သာစေခြင်း၊ စပါးအလေအလွင့် နည်းပါးခြင်း၊ လုပ်သားရှားပါးမှုအတွက် ပူပင်စရာမလိုခြင်း၊ ဆောင်းသီးနှံ စိုက်ပျိုးရန် အချိန်မီရိတ်သိမ်းနိုင်ခြင်း ၊တလင်းပျောက်စနစ်ဖြင့် ရိတ်သိမ်းခြွေလေ့နိုင်ခြင်း၊ ဈေးကွက်အတွင်း စပါးများလျင်မြန်စွာ ရောင်းချနိုင်ခြင်းတို့ကြောင့် ရိတ်သိမ်းခြွေလှေ့စက်အသုံးပြု ရိတ်သိမ်းရခြင်းဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက ပြောသည်။
မျိုးညွန့်ရွှေ (မိုးနဲ)