ထန်တလန် နိုဝင်ဘာ ၁၉
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ Save The Children နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီနိုင်ရေးအတွက် လူထုကျန်းမာရေး လုပ်သားအခြေခံ သင်တန်းကို နိုဝင်ဘာ ၁၆ ရက်က စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပို့ချသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကူးစက်ရောဂါများ ပြန့်ပွားခြင်းနှင့် ကာကွယ်နှိမ်နင်းခြင်း၊ ကပ်ရောဂါဖြစ်ပွားမှု၊ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ခြင်း၊ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS)၊ ကူးစက်မြန်ပြင်းထန် နမိုးနီးယား(အဆုပ်ရောင်ရောဂါ၊ ဆားစ်ရောဂါ၊ အနာကြီးရောဂါ)၊ မသန့်ရှင်းသော အစားအစာနှင့် ရေမှတဆင့် ကူးစက်တတ်သောရောဂါများ၊ ဆင်ခြေထောက်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ကာလသားရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ဖောက်ပြန်ခြင်း၊ အဖြူဆင်းခြင်း၊ နာကျင်ကိုက်ခဲစွာ ဓမ္မပေါ်ခြင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ၊ လူထုကျန်းမာရေး လုပ်သား၏ အရည်အချင်း လိုအပ်ချက်နှင့် တာဝန်ဝတ္တရား၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ(တိုက်ဖွိုက်ရောဂါ)၊ အသည်းရောင်အသားဝါရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အသက်ရှု လမ်းကြောင်း မှတဆင့်ကူးစက်သောရောဂါများ၊ အမျိုးသားကျန်းမာရေးမူဝါဒ (၁၉၉၃) အခြေခံကျန်းမာရေးဌာနများ၊ ARI(ခေါ်) အသက်ရှုလမ်းကြောင်းတွင် ရောဂါပိုးလတ်တလော ဝင်ရောက်ခြင်းကြောင့် ဖြစ်သောရောဂါ၊ သူငယ်နာ အကြောသေရောဂါ (ပိုလီယို) ဝက်သက်ရောဂါ စသည့် သင်ခန်းစာများကို သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား(၂၄)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ (၄)ဦးတို့က ရက်သတ္တပတ် (၄)ပတ်ကြာ သင်ကြားပို့ချ ပေးသွာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)