ငါးသိုင်းချောင်း နိုဝင်ဘာ ၁၉
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ ပြည်သူ့အားကစားကွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အားကစား နှင့်ကာယပညာဦးစီးဌာန(ရုံးချုပ်)အစီအစဉ်ဖြင့် နိုဝင်ဘာလဆန်းပိုင်းက စတင် ဆောင်ရွက်ခဲ့ရာ ယမန်နေ့ မွန်းလွဲပိုင်းက ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်လုပ်ငန်း ကြီးကြပ်မှုကော်မတီ နှင့် ငါးသိုင်းချောင်းမြို့ အားကစားနှင့်ကာယပညာကော်မတီ တာဝန်ရှိသူများက အားကစားကွင်းရှိ ပြင်/ထိန်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အားကစားကွင်း ပြင်/ထိန်းလုပ်ငန်းများတွင် အထူးတန်းပွဲကြည့်စင် အမိုးမိုးခြင်း၊ ပွဲကြည့်စင်တပ်ဆင်ခြင်း၊ တံခါးများတပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်းလုပ်ငန်းနှင့် ပြည်သူ့အားကစား ကွင်း ဝင်ပေါက်ဆိုင်းဘုတ် တပ်ဆင်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ရေကြည်မြို့နယ်အတွင်းရှိ ငါးသိုင်းချောင်း မြို့နှင့်အသုတ်မြို့ ပြည်သူ့အားကစားကွင်းနှစ်နေရာ၌ ပြင်/ထိန်းလုပ်ငန်းများ ယခုလအတွင်း အပြီးဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိကိုဗစ်-၁၉ရောဂါ ကာလအတွင်း၌ အားကစားပြိုင်ပွဲအစီအစဉ်များကို online မှတစ်ဆင့်ယှဉ်ပြိုင်သည့် ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းနှင်းအေးကပြောကြားပါသည်။ လက်ရှိအချိန်တွင် ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်- ၁၉ရောဂါ ကာလအတွင်း လူစုလူဝေး၊ ပရိတ်သတ်များဖြင့် ကျင်းပရသည့် အားကစားပြိုင်ပွဲ များ ကို ကျင်းပနိုင်ခြင်းမရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါကင်းစင်သည့်အခါ၌ ဒေသတွင်း အားကစား ပြိုင်ပွဲများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကျင်းပပြုလုပ် ပေးသွားရန် စီစဉ်ထားကြောင်း ငါးသိုင်းချောင်းမြို့ အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးဟာတင် ကပြောကြားခဲ့ပါသည်။
စိုးမင်းဦး(ပြန်/ဆက်)