လင်းခေးခရိုင် ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာလေးရွာအား သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်

ဟိုမိန်း    နိုဝင်ဘာ    ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာလေးရွာတွင် သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေစုကန်တည်ဆောက်ခြင်းနှင့် အများသုံး ရေတိုင် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို ဟိုမိန်းမြို့အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများဖြစ်သော မယ်အောကျေးရွာအုပ်စု မယ်အောကျေးရွာ၌ အရှည်(၁/၄)မိုင် စိမ့်စမ်းရေ ရေပိုက် သွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ရေစုကန် တည်ဆောက်ခြင်းနှင့် ကျေးရွာအတွင်း အများသုံး ရေတိုင် တစ်တိုင်၊ နားမွန်းလုံကျေးရွာတွင် အရှည်(၂/၀)မိုင် ရေပိုက်သွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် အများသုံးရေတိုင် နှစ်တိုင်၊ ခုံလုံကျေးရွာအုပ်စု ခုံလုံကျေးရွာ၌ အရှည်(၁/၇)မိုင် ရေပိုက်သွယ်တန်းခြင်း၊ ရေဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် အများသုံး ရေတိုင်တစ်တိုင်၊ နောင်လိုင်ကျေးရွာတွင် အရှည်(၁/၀)မိုင် ရေပိုက်သွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းနှင့် အများသုံးရေတိုင်တစ်တိုင် စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါဆွဲဝယ် အောင်မြင်သော ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရဲနောင်(ဟိုမိန်း)