ချင်းပြည်နယ်အဝင် ခိုင်ကမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ခိုင်ကမ်း  နိုဝင်ဘာ ၁၉

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိရေး မြို့အဝင် မြို့အထွက် စုပေါင်းစစ်ဆေးရေးဂိတ်များတွင် မြို့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် တပ်မတော်သားများ၊ မြို့နယ်မြေရဲ စခန်းမှတာဝန်ရှိသူများ၊ မြို့မီးသတ် တပ်ဖွဲ့ဝင်များမှ ကျန်းမာရေး စစ်ဆေးခြင်း လူဝင်လူထွက် စစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်း ကောက်ယူခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်ရောက်မည့် အရေးကြီး ကုန်စည်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မြို့ရှိအထက်တန်း ကျောင်းဝန်းအတွင်း၌ Test kit ဖြင့် နှာခေါင်းတို့ဖတ်ရယူကာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခြင်းမရှိမှသာ ချင်းပြည်နယ်အတွင်းသို့ ဝင်ရောက်စေခြင်းကို အောက်တိုဘာလမှ စတင် ဆောင်ရွက် လျက်ရှိသည်

ထို့အပြင် နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ ခိုင်ကမ်းမြို့ကိုဖြတ်ကျော်၍ တီးတိန်မြို့နယ်အတွင်း ဝင်ရောက်မည့် မော်တော်ယာဉ်၊ ဆိုင်ကယ် အခြားခရီးသွားများကိုလည်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ရှိမှသာ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း ခိုင်ကမ်းမြို့အုပ်ချုပ် ရေးမှူး၏ ပြောပြချက်အရ သိရသည်။

အလားတူ ကလေးမြို့မှ တီးတိန်မြို့နယ်အတွင်းရှိ လေသာတောင်၊ ထေးဇန်ကျေးရွာ၊ အာလွယ်ကျေးရွာ များသို့ အပန်းဖြေသွားရောက်မည့် ခရီးပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေး ဦးစီးဌာန၏ ထောက်ခံစာရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည် ဖြစ်ကြောင်းလည်းသိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)