ဖားဆောင်း နိုဝင်ဘာ ၁၉
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင်(၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ဦးအောင်မြတ်မိုးက အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူး ဒေါ်ဝင်းဗိုလ်က နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျရောက်မည့်(၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ ကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများ၊ လူတိုင်းကလေး သူငယ်များအား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု များနှင့် ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန် ရည်ရွယ်၍ ဟောပြောခြင်း၊ ဉာဏ်စမ်းမေးခွန်းဖြေဆိုခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးဒေါ်ဝင်းဗိုလ်နှင့် တာဝန်ရှိသူများက ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)