မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၀၆၃)စု အား စတုတ္ထအကြိမ်ထောက်ပံ့‌

မုံးကိုး  နိုဝင်ဘာလ ၂၀

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု စုစုပေါင်း (၁၀၆၃)စုအတွက် ထောက်ပံ့ငွေသိန်းပေါင်း (၂၀၀)ကျော်အား လက်ဝယ်အရောက်ပေးအပ်နိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မုံးကိုးမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် က “သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုမိသားစုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရာတွင် တိကျမှန်ကန်မှုရှိစေရေးနှင့် အမှားအယွင်းမရှိဘဲ လက်ဝယ်အရောက်ပေးအပ်ပြီး မှတ်တမ်းများစနစ်တကျ ရယူပြီး ဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ငွေများကို လွှဲပြောင်းပေးအပ်ပြီး  တက်ရောက်လာကြသည့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံခဲ့သည်။ နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ပေးအပ်နိုင်ရေးအတွက် စနစ်တကျမှတ်တမ်းကောက်ယူပြီး မုံးကိုးမြို့၊ မြို့ပေါ် ရပ်ကွက်(၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၁)အုပ်စုရှိ  ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများကို အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-)နှုန်းဖြင့် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

မုံးကိုးမြို့၊ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးအသိဖြင့် အသွားအလာများကိုလည်း သတိပြု၍ ခြင်ဆင်သွားလာကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက မှာကြားခဲ့ကြောင်း သိရသည်။

သန်းဇော်ဦး (ပြန်/ဆက်)