တနင်္သာရီ နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု-ကျောက်စရစ်ကျေးရွာတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့သော ဦးမောင်ထွေး(ခ)ဦးနေကြူ(၅၅)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ဥယျာဉ်လုပ်ကိုင်သူ၏နေအိမ်နှင့် မိသားစုအတွက် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးကျော်ဆန်းနှင့်ဝန်ထမ်းများက ယမန်နေ့ မွန်းလွှဲ၃နာရီခန့်က အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် မိသားစုဝင်(၆)ဦးအတွက်ဆန်ဖိုးငွေများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ အိမ်ဆောက်ပစ္စည်းများနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို
အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးကြောင်း သိရှိရသည်။
ထိုသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာမှာ အလျား(၄၀)ပေ၊ အနံ(၂၀)ပေရှိ အုတ်ညှပ်သွပ်မိုး နှစ်ထပ်နေအိမ် မီးလောင်ဆုံးရှုံးခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂)သိန်းနှင့် မိသားစုဝင် (၆)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၇)ရက်စာဖိုးငွေ(၁၂၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး ပါဝင် သည့် သေတ္တာပုံးတစ်လုံးကိုလည်းကောင်း၊ အလားတူ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ကျော်ကျော်အောင်နှင့်တပ်ဖွဲ့ဝင်များကလည်း အိမ်ဆောက်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း(တစ်လ)စာအတွက် တစ်ပုံးနှင့် အမျိုးသမီးများဂုဏ်သိက္ခာထိန်းပစ္စည်း(တစ်ပုံး)တို့ကို အိမ် တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)