နမ့်ခမ်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

နမ့်ခမ်း  နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေဆဲ လုပ်ငန်းအခြေ အနေများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျေးရွာပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခြင်း တို့ကို ယမန်နေ့က နမ့်ခမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်နှင့် ပြည်သူ့ဝန်ဆောင်မှု တာဝန်ရှိသူများက လိုက်လံကွင်းဆင်းစစ်ဆေးသည်။

နမ့်ခမ်းမြို့၊ စယ်နေကျေးရွာ၌ ဆောက်လုပ်လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦသည် (RC)ကွန်ကရစ် (၁)ထပ်၊ သွပ်မိုးဖြစ်ပြီး ပြည်ထောင်စုရံပုံငွေဖြင့် "The True Fuehrer” ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ကြောင်းသိရသည်။ "အခုစယ်နေကျေးရွာမှာ ဆောက်လုပ်နေဆဲ ကျေးလက်ကျန်းမာရေးဌာနဟာ ဆေးကုသခန်း(၁)ဆောင်နှင့် ဝန်ထမ်းအိမ်ရာ (၂)ဆောင်တို့ပါဝင်ပြီး ဆောက်လုပ်ပြီးစီးမှုက (၉၅)ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပါပြီ၊  ကိုဗစ်-၁၉ ရောဂါ ကာလဖြစ်တဲ့ အတွက် အခက်အခဲပေါင်းစုံကြားက ဆောင်ရွက်ခဲ့ရပြီး လုပ်ငန်းပိုင်းပြီးစီးချိန် အနည်းငယ် နောက်ကျရခြင်းဖြစ်ပါတယ်" လို့ နမ့်ခမ်းမြို့နယ် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် က အခက်အခဲကြားမှ ကျေးလက်နေပြည်သူများအတွက် ကျေးလက်ကျန်းမာရေး အဆောက်အဦအား ဆောက်လုပ်မှုအခြေအနေကို ပြောကြားသည်။

ဆက်လက်ပြီး ကျေးရွာနေပြည်သူလူထုများအနေဖြင့် ရာသီမရွေးသွားလာနိုင်ရန်အတွက် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးရံပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သော လမ်းအရှည်(၃)မိုင်၊ (၆)ဖာလုံခန့်ရှိ မိုင်းဝီးကျေးရွာနှင့် စယ်နေကျေးရွာတို့အား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်မြေသားလမ်းအခြေအနေကို ကြည့်ရှုစစ်ဆေး သည်။

“လက်ရှိမှာ မိုင်းဝီးကျေးရွာနှင့် စယ်နေကျေးရွာတို့အား ဆက်သွယ်ထားသော ကျေးရွာချင်းဆက် မြေသားလမ်း အကောင်အထည် ဖော်ပြီးစီးနေပြီဖြစ်ပါတယ်၊ ဆက်လက်ပြီး စယ်နေကျေးရွာနှင့် ဖာပြန့်ကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းအရှည်(၃)မိုင်၊ (၆) ဖာလုံခန့်ရှိတဲ့ ကျေးရွာချင်းဆက်လမ်းကို (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်မှာ ဆက်လက်ဖောက်လုပ် အကောင်အထည်ဖို့ ခွင့်ပြုချက် ရရှိပြီဖြစ်ပါတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် က ကျေးရွာနေပြည်သူများ သွားလာရာ၌ အဆင်ပြေချောမွေ့စေရန် ကျေးရွာချင်းဆက် မြေသားလမ်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အကြောင်းကို ပြောကြားသည်။

ကျေးရွာချင်းဆက်မြေသားလမ်းကို အကောင်အထည်ဖော်ဖောက်လုပ်ရာ၌ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကို ပူးပေါင်းဖြေရှင်း နိုင်ရန်အတွက် ဒေသခံကျေးရွာပြည်သူတို့နှင့် တွေ့ဆုံဆွေးနွေးကြပြီး ကျေးရွာချင်းဆက်လမ်း အရှည်(၇)မိုင်ကျော်အား ရာနှုန်းပြည့်အောင်မြင်စွာ အကောင်အထည်ဖော် ဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူ (၂၀၀၀)ကျော်အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)