“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ရပ်ကျေး/ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တွေ့ဆုံ

ဟိုပန်  နိုဝင်ဘာ ၂၀

“ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီး နိုင်ရန်အတွက် “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အလုပ်မှုဆောင် ဦးရန်ကျော်မှ ရပ်ကျေး/ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများအား ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က တိုင်းဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဦးစီးအဖွဲ့အလုပ်အမှုဆောင် ဦးရန်ကျော် မှ ကိုဗစ်-၁၉ ကာလအတွင်း တောင်သူ များ၏ ပဲသီး၊ ဖရုံသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်မှုမရှိသည့်အတွက် ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရသည်ကို သိရှိရသဖြင့် များစွာစိတ်မကောင်းဖြစ်မိကြောင်း၊ တောင်သူများအနေနှင့် အခက်အခဲများရှိပါက မိမိတို့ထံသို့ လာရောက်၍ အချိန်မရွေးတင်ပြနိုင်ကြောင်း မိမိတို့ ဆောင်ရွက်ပေးနိုင်သည့်ကိစ္စဖြစ်ပါက ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ခြံလုပ်ငန်းရှင်များ အနေနှင့်လည်း မိမိတို့တွင်ရပ်ဝေးမှလာသည့် ခြံလုပ်သားများရှိပါက သတင်းပေးပို့ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ဟိုပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော် မှ မိမိတို့ဟိုပန်မြို့ အဝင်လမ်းဆုံတွင်  နံနက် (၇)နာရီမှ ညနေ(၅)နာရီအထိ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်၍ ဌာနဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ နိုဝင်ဘာလ ၁၈ ရက်နေ့ထိ စာရင်းကောက်ယူထားရှိမှုအရ လားရှိုး၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ တန့်ယန်း၊ မိုင်းရယ်မြို့များမှ ဟိုပန်မြို့ရှိ ပဲသီးခြံများတွင် လာရောက်အလုပ်လုပ်ကိုင် သူဦးရေ (၄၁၀)ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ခြံလုပ်ငန်းရှင်များ အနေဖြင့် သတင်းပေးပို့ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့သို့မဟုတ်ဘဲ ရောဂါပိုးတွေ့ရှိလာပါက ခြံလုပ်ငန်းရှင်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ အလုပ်မှုဆောင် ဦးရန်ကျော်၊ အတွင်းရေးမှူးနှင့် မြို့နယ်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ခြံလုပ်ငန်းရှင်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)