ဟိုပန် နိုဝင်ဘာ ၂၀
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ခရိုင်/မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၀)ကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က ဟိုပန်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉)ကို အတည်ပြုပြဋ္ဌာန်းထားကြောင်း၊ ခရိုင်အဆင့်လုပ်ငန်းတာဝန် (၁၀)ချက်ရှိကြောင်း၊ မိမိတို့၏ ခရိုင်/မြို့နယ် အတွင်းတွင်ရှိသည့် ကလေးသူငယ်များ အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး၊ ကလေးသူငယ်များကို ခေါင်းပုံဖြတ်မှုမရှိစေရေး၊ အဆိုးဝါးဆုံးအနေဖြင့် အလုပ်ခိုင်းစေခြင်းနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိစ္စများ မဖြစ်ပွားဖို့ အတွက် ကော်မတီတွင်ပါရှိသည့် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကလေးသူငယ် အခွင့်အရေးများဆုံးရှုံးမှုမရှိစေဖို့ရာအတွက် ကလေးမိဘများနှင့် ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန်လိုအပ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဆိုပါက ကလေးသူငယ်များအား အဓမ္မခိုင်းစေခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းတို့ပပျောက်ပြီး ကလေးသူငယ်များ အခွင့်အရေးဆုံးရှုံးမှုမရှိ အပြည့်အဝရရှိနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး၊ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အတွင်းရေးမှူး ဒေါ်ဖြိုးဖြိုးသက် က ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း ဦးစီးဌာန၏ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကာ အစည်းအဝေးသို့တက်ရောက်လာသော ခရိုင်/မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၁ နာရီခွဲ အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)