မိုင်းဖြတ်မြို့၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မိုင်းဖြတ်  နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ (VDP)၊ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၉ နာရီ အချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျေးရွာရွေးချယ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်စီမံကိန်းများ၏ ရည်ရွယ်ချက်များနှင့် စီမံကိန်းကျေးရွာ ရွေးချယ်သတ်မှတ်ရာတွင် စံနှုန်းများဖြင့် ရွေးချယ်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း က လုပ်ငန်းများ ဆောင်ရွက်ရာမှာ အမှန်တကယ်ဖွံ့ဖြိုးမှုများလိုအပ်သည့် ကျေးရွာများကို သတ်မှတ်စံနှုန်းများဖြင့် စိစစ်ရွေးချယ် နိုင်ရေး၊ ဖွံ့ဖြိုးမှုများကို ကျေးရွာများအားလုံး တပြေးညီရရှိစေရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာနေပြည်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်၍ လုပ်ငန်းများတွင် စီမံခန့်ခွဲမှုများရရှိစေပြီး ကဏ္ဍပေါင်းစုံတွင် ပါဝင်ဆောင်ရွက် တတ်စေမည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ (VDP) အတွက် ကျေးရွာအုပ်စု (၈)အုပ်စုမှ ကျေးရွာ ၁၅ ရွာ ကို   ရွေးချယ်ခဲ့သည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်များကြောင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်ရရှိ၍ မိမိတို့ကိုယ်တိုင်  ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ပြီး လုပ်အားခများရရှိသည့် စီမံကိန်းဖြစ်သည့်  Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မီးလင်းရေးစသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သတ်မှတ်စံနှုန်းများဖြင့် ကျေးရွာပေါင်း ၂၀ ကို စိစစ်ရွေးချယ်ခဲ့သည်။

သန်းထွန်းအေး(ပြန်/ဆက်)