ရေကြည် နိုဝင်ဘာ ၂၀
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ် တားဆီးရေးနှင့် ထိန်းချူပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ပေါ့ဆစွာနေထိုင်းခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပထွက်ခွာ သွားလာရာတွင် အသိသတိအမြဲ ရှိနေစေရေးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယနေ့နံနက် (၈) နာရီတွင် မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွန့် ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များက မြို့မဈေးရှေ့ရှိ ဆိုင်ကယ် Taxi ယာဉ်မောင်းများ၊ အနှေးယာဉ်လုပ်သားများနှင့် ဖြတ်သန်းသွားလာ နေကြသည့် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်း စည်းများ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရေကြည်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း တာဝန်ရှိသူများက အသံချဲ့ စက်များဖြင့်အသိပေး ကြေညာခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)