မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးကာလ ပြီးဆုံးပြီးနောက် နှာခေါင်းစည်းမတပ်ဆင်ဘဲ နေအိမ်ပြင်ပဘက်သို့ သွားလာပါက အခုဝယ်/အခုတပ်စနစ်ဖြင့် စတင်ဆောင်ရွက်

မုံးကိုး      နိုဝင်ဘာ    ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရာ၌ ပြည်သူများ အသုံးပြုရန်အတွက် နှာခေါင်စည်း စုစုပေါင်း(၂,၀၀၀)ခုအား လက်ဝယ်အရောက် ဖြန့်ဝေပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မုံးကိုးမြို့၊ လူစည်ကားရာ လမ်းဆုံ/လမ်းခွများ၌ ဆောင်ရွက်ခဲ့သည်။

မုံးကိုးမြို့၊ မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီဝင်များ ပူးပေါင်းပြီး နှာ‌ခေါင်းစည်း ဖြန့်ဝေမှုတွေနဲ့ နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာ နေသူများကို အသိပညာပေး ပြောကြားတာတွေ ကျွန်တော်တို့ အဆက်မပြတ် ပြုလုပ်ဆောင်ရွက်နေပါတယ်၊ ပညာပေးကာလ ပြီးဆုံးတာနဲ့ နှာခေါင်းစည်း မတပ်ဘဲ အပြင်ဘက်သို့ သွားလာသူတိုင်းကို အခုဝယ်/အခုတပ်စနစ်နဲ့ ကြီးကြပ် ဆောင်ရွက်သွားပါ့မယ်လို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ကပြောကြားသည်။

မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်အထွက်၌ ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်း၊ ခရီသွားရာဇဝင်များ မှတ်တမ်း ကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့ကိုဗစ်-၁၉‌ ရောဂါထိန်းချုပ်‌‌ကုသရေး ကော်မတီက အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

သန်းဇော်ဦး(ပြန်ဆက်)