ညောင်ရွှေ နိုဝင်ဘာ ၂၀
အင်းနီကျေးရွာသည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၆၀၀၀ နီးပါး မြင့်မားသည့် တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်သည်။
သဘာဝတောတောင်စိမ့်စမ်းများနှင့် ဆိတ်ငြိမ်အေးချမ်းလှသည့် အင်းနီရွာလေးမှ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေး လုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကျောင်း ပြုကြသည်။
ရွာအနီးဝန်းကျင်ရှိ လျှိုမြောင်တောင်စောင်းများတွင် တောင်ယာများခုတ်ထွင်ရှင်းလင်း၍ သနပ်ဖက်ပင်၊ လက်ဖက်ပင်၊ ထောက်ပတ်ပင်၊ လိမ္မော်ပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ငရုပ်၊ ပဲပုပ်၊ ပဲအမျိုးမျိုးကိုလဲ စိုက်ပျိုးကြသည်။
စိုက်ပျိုးထွက်ရှိသည့် သီးနှံများကို နန်းပန်ဈေး၊ မိုင်းသောက်ဈေး၊ ညောင်ရွှေဈေးနှင့် တောင်ကြီးမြို့များသို့ တင်ပို့ရောင်းချ ကြကြောင်း ဈေးကွက်ဝင်သီးနှံများဖြစ်သည့် ထောက်ပတ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှု အနည်းငယ်ရှိကြောင်း လည်း သိရှိရသည်။
ထောပတ်သီး၊ လိမ္မော်သီးများကို အလေးချိန်နှင့် ရောင်းချခြင်းမဟုတ်ဘဲ အိတ်ပြတ်ရောင်းချကြပြီး အလုံးအကြီး အသေးပေါ် မူတည်၍ တစ်အိတ်လျှင် ကျပ်သုံးသောင်းခွဲမှ လေးသောင်းထိ တန်ဖိုးသတ်မှတ် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ