မြစ်ကြီးနား သြဂုတ် ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတုတ္ထအကြိမ်အဖြစ် ဝန်ကြီးဌာနများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စုပေါင်း၍ ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် ဗလမင်းထင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အစားအသောက်နှင့် ဆေးဝါးများအား စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်မှုများ၊ ထောက်ပံ့ပေးအပ်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၃၀၀ ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးထံ လှူဒါန်းပေးအပ်ရာ တိုင်းမှူးက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ဝန်ကြီးဌာနများအလိုက် ဌာနဆိုင်ရာများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းမှုဖြင့် ထောက်ပံ့ပေးအပ်သည့် စုစုပေါင်းငွေကျပ် (၂၃,၇၅၉,၀၀၀) တန်ဖိုးရှိ တစ်ဦးလျှင် ငါးခြောက်ကြော်၊ ပုဇွန်ခြောက်ဘာလခြောင်ကြော်၊ ခေါက်ဆွဲခြောက်၊ ကြက်မွကြော်၊ ပဲပုပ်/ ဂျူးမြစ်/ မြေပဲဆံကြော်၊ ငါးသေတ္တာဘူး၊ တိုင်းရင်းဆေး၊ ထန်းလျက်၊ ကော်ဖီ၊ လက်ဖက်၊ အကြော်ဆံစသည့် အသင့်စားသုံးနိုင်သော စားသောက်ဖွယ်အမယ်မျိုးစုံ (၁၁)မျိုးကို ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ရာဇာထွန်းထံပေးအပ်လှူဒါန်းရာ ဒုတိယတိုင်းမှူးက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးခဲ့ကြပြီး တိုင်းမှူးက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယခုလိုစုပေါင်း၍ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသင့်စား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်မှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကချင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသည့် အသင့်စားသုံးနိုင်သော အစားအသောက်များကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တရားလွှတ်တော်၊ ဝန်ကြီးဌာနများ ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ နိုင်ငံတော်လုံခြုံရေးတာဝန် ထမ်းဆောင်နေသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယနေ့ ထောက်ပံ့ပေးအပ်မှုသည့် စတုတ္ထအကြိမ်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)