ကြံခင်းမြို့နယ်(Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများကျင်းပ

ကြံခင်း ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမနှင့် ကလေး စာဖတ်ခန်းတို့၌ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး၊ နှုတ်မှုစွမ်းရည်မြင့်မားစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ဖြတ်ထိုးဉာဏ်မြင့်မားလာစေပြီး၊ နှုတ်မှုစွမ်းရည်မြင့်မားလာမှာဖြစ်ပါကြောင်းနှင့် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က ဆရာကြီးမင်းသုဝဏ်ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြ၍ ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြသည်။ ယင်းနောက် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ဒုတိယဦးစီးမှူး ဒေါ်မေသဉ္စာနှင်းဦးဆောင်၍ ကျောင်းသား/သူများက လေမီစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသော“ကူညီကြမယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြရာသူငယ်ချင်းများအားလုံး စည်းလုံး ညီညွတ်စွာနေထိုင်ကြဖို့နဲ့ အခက်အခဲရှိခဲ့ရင်လဲ အတူလက်တွဲကူညီဖြေရှင်းကြပြီး  ချစ်ချစ်ခင်ခင် နေသွားကြဖို့ကို ရုပ်ပုံများဖြင့်ပြသကာ ကျောင်းသား/သူများဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီးကာကွယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်မျိုးစုံ ပြသထားခြင်းကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)