ရပ်စောက်မြို့နယ်တွင် နှာခေါင်းစည်း (MASK) တပ်ဆင်ခြင်း မရှိသူများအား ချက်ချင်းဝယ် ချက်ချင်းတပ်စနစ် ဆောင်ရွက်

ရပ်စောက်      နိုဝင်ဘာ        ၂၀

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချူပ် နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (MASK) မတပ်သူများအား စစ်ဆေး အရေးယူခြင်းကို ရပ်စောက်မြို့နယ် မြို့လယ်နာရီစင်အနီးနှင့် ရဿဝတီခန်းမရှေ့တွင် ယနေ့ နံနက် ၈ နာရီခွဲ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပါးစပ်၊ နှာခေါင်းစည်း (MASK)တပ်ဆင်မှု မရှိသူများအား စစ်ဆေးကြပ်မတ်  အရေးယူခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချူပ်ရေးမှူးတို့ ပူးပေါင်း အဖွဲ့မှ ပါးစပ်၊ နှာခေါင်းစည်း (MASK) တပ်ဆင်ခြင်းမရှိသော လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်းချသူနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း (MASK) တစ်ခုလျှင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ် ချက်ချင်းတပ်ဆင် စေခဲ့ရာ (၅၀)ဦး ခန့်ကို အမည်၊ နေရပ်လိပ်စာ စာရင်းကောက်ယူ၍ စစ်ဆေး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးအရေးယူရာတွင် နှာခေါင်းစည်း (MASK) တပ်ဆင်ခြင်းမရှိသူ ပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း (MASK)ကို တပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး (ပြန်/ဆက်)