မန္တလေးလူငယ်သင်တန်းကျောင်းတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရန် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိ

မန္တလေး နိုဝင်ဘာ ၂၀

မန္တလေး လူငယ်သင်တန်းကျောင်းနှင့် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"လူငယ်သင်တန်းကျောင်း ကိုဗစ်ကာလနဲ့ ပတ်သက်ပြီး ရမန်ဝင်တာရှိတယ်။ ရမန်ထုတ်တာ ရှိတယ်။ လူသစ်ရောက်တာရှိတာပေါ့။ အဲဒီမှာ ဝင်တာဘဲဖြစ်ဖြစ် ထွက်တာဘဲဖြစ်ဖြစ် ကိုဗစ် ကာလ စည်းကမ်းသတ်မှတ်ချက်နဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တာဝန်ရှိတဲ့ တရားသူကြီးတွေ လာခဲ့ရင်လည်း အပူချိန်းတိုင်းခြင်း၊ Mask တပ်ခြင်း၊ Hand Gel သုံးခြင်းနဲ့ ကလေးတွေကိုလည်း ကိုဗစ်ထောက်ခံစာပါမှသာ လက်ခံပါတယ်။ တရားရုံးထုတ်သွားတဲ့ကလေးကို တရားရုံးက ပြန်သွင်းမယ်ဆိုရင် ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာပါမှ လက်ခံပါတယ်။ ဒါအပြင် ချက်ချင်းတောင်လက်မခံသေးပါဘူး။ ၂၆ လမ်းမှာရှိတဲ့ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း မှာ ကွာရန်တင်း ၂၁ ရက်ဝင်ခိုင်းပြီး ကျန်းမာရေးအရ စိတ်ချရပြီဆိုမှ ကျောင်းမှာ လက်ခံတာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ရမန်ကို တော်ရုံရုံးထုတ်ခွင့်မပေးပါဘူး။ တရားရုံးနဲ့ ညှိပြီး အွန်လိုင်းကနေ စစ်ဆေးပါတယ်။ အဲဒါကိုလည်း ဆောင်ရွက်ချက်တစ်ချက်ထဲ ထည့်ထားပါတယ်။" ဟု မန္တလေးလူငယ်သင်တန်းကျောင်းနှင့် ပုသိမ်ကြီး လူငယ်သင်တန်းကျောင်း အုပ်ချုပ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးဘေး (၁၂) လမ်းပေါ်ရှိ မန္တလေး လူငယ်သင်တန်း ကျောင်းတွင် လက်ရှိသင်တန်းသားဦးရေ ၄၄၉ ဦးနှင့် ပုသိမ်ကြီးမြို့နယ် အိမ်ဂျယ်ကျေးရွာရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတွင် လက်ရှိသင်တန်းသားဦးရေ ၂၂၀ ဦးရှိကြောင်း၊ သင်တန်းကျောင်းများရှိ ကလေးများ အများဆုံးကျူးလွန်သည့်အမှုမှာ ခိုးမှုဖြစ်ပြီး မူးယစ်မှုမှာ ဒုတိယအများဆုံးဖြစ်ပြီး သင်တန်းကျောင်းတွင် အသက် ၁၁ နှစ်မှ အသက် ၂၀ နှစ်ထိ ကလေးများရှိကြောင်း သိရသည်။

" ကျောင်းမှာ ကလေးတွေနဲ့ အခန်းဦးရေနဲ့က အချိုးအစားမျှတအောင် ထားဖို့ စီစဉ်ဆောင်ရွက် ထားလို့ပါ။ အဆောင်ကတော့ ၇ ဆောင်ထိ ထပ်ချဲ့မယ်လို့ စီစဉ်ထားပါတယ်။ အဆောင်သစ်မှာ အခန်း ၆ ခန်းပါတော့ တစ်ခန်းမှာ လူ ၅၀ ထားမယ်လို့ မှန်းထားပါတယ်။ လူ ၅၀ ထားခြင်းဖြင့် ကလေးတွေအတွက် ကျန်းမာရေးအတွက် အဆင်ပြေသလို သူတို့လည်း သက်သက်သာသာနဲ့ နေနိုင်တာပေါ့။ ၅၀ ထားရင် ၆ ဆောင်ပေါင်းရင် လူ ၃၀၀ ပေါ့။ တစ်ဖက်ကလည်း ဝန်ထမ်းဦးရေ နည်းနေတဲ့အတွက် အဆောင်တွေ ထားချင်ပေမယ့် ဝန်ထမ်းဦးရေက လိုက်မလုပ်ပေးနိုင်တဲ့ အတွက် ကလေးချင်း ပြသနာမဖြစ်အောင် ချိန်ဆနေရပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ လူမှုဝန်ထမ်းက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအောင်က တစ်ပတ်တစ်ခါ လာပြီးစစ်ဆေးပါတယ်။ ဒီကြားထဲလိုအပ်ရင် ဆေးရုံကြီးကို ချက်ချင်းပို့ပါတယ်။ ဒါက ညဘက်အရေးပေါ်အခြေနေမှာ ဒေါက်တာဥမ္မာအောင်နဲ့ တိုင်ပင်ပြီး ဆေးရုံပို့ပေးပါတယ်။ အခုထိတော့ ဒီမှာ ကိုဗစ်မဖြစ်သေးပါဘူး။ " ဟု ဆက်ပြောသည်။

မန္တလေးလူငယ်သင်တန်းကျောင်းသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းသည့် ကလေးသူငယ်ဥပဒေ၊ နည်းဥပဒေများအရ သက်ဆိုင်ရာတရားရုံးများမှ ပို့အပ်လာသော အသက် ၁၈နှစ် အောက်ကလေးများကို ထိန်းသိမ်းပြုစုစောင့်ရှောက်လျက်ရှိရာ ပညာရေး၊ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး စာရိတ္တမြင့်မားရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန်နှင့် မိဘရပ်ထံ ပြန်လည်အပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်