မိုးနဲ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ရည်ရွယ်ချက်များဖြစ်သော ဥပဒေဆိုင်ရာ အထောက်အကူ ပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှမှုအခွင့်အရေးများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်းက သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ရည်ရွယ်ချက်များဖြစ်သော ဥပဒေဆိုင်ရာအထောက်အကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူ ညီမျှမှုအခွင့်အရေးများ ရရှိစေရန်၊ ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်တို့ကိုဆောင်ရွက်ရာ၌ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ကိုက်ညီမှု၊ စိတ်ကောင်းစေတနာ ထားရှိမှုတို့ကိုအခြေခံ၍ ထိရောက်သည့် ဥပဒေဆိုင်ရာ အထောက်အကူရရှိစေရန်၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများကို အများပြည်သူ သိရှိနားလည်ကျင့်သုံးလာစေရေးအတွက် ပညာပေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန်၊ ပြစ်မှုဆိုင်ရာ ဥပဒေပြဿနာများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာပြီး တရားမျှတမှုရရှိစေခြင်းဖြင့် တရားဥပဒေစိုးမိုးမှုနှင့် တရားဥပဒေအပေါ် ယုံကြည်မှုပိုမိုမြင့်မားလာစေရန်၊ ပြစ်မှုဆိုင်ရာ စုံစမ်း ထောက်လှမ်း မှု နှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်းထောင်များ၌ မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့်ကာလ လျော့ကျစေရန်နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်စေရန်၊ အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေးအတွက် အထောက်အကူပြုရန်၊ မှုခင်းကြိုတင် ကာကွယ်ရေးကို အထောက်အကူပြုစေရန် စသည်တို့ကို ပြည်သူများ သိရှိနိုင်ရန်အတွက် မိုးနဲမြို့ညနေခင်းဈေးတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းမျိုးသန့် နှင့်အဖွဲ့ဝင်များက သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ရုံးတည်နေရာ၊ အဖွဲ့၏ ရည်ရွယ်ချက်ရာအထောက်အကူရရှိရန် တောင်းခံခွင့်ရှိသူများ၊ ဥပဒေဆိုင်ရာ အကူအညီတောင်းခံသူများအနေဖြင့် တင်ပြရန်လိုအပ်ချက်များ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းလမ်းများ စသည့်အချက်များပါဝင်ပြီး ဥပဒေဆိုင်ရာ အထောက်အကူလိုအပ်နေသူများကို အကူအညီများပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)