ကျုံပျော် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ယခုလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာကာ နိုဝင်ဘာ ၁၈ ရက်အထိ ကိုဗစ် အတည်ပြုလူနာ (၁၀၅)ဦးရှိပြီး ယင်းနေ့ညနေတွင် (၁)ဦး သေဆုံးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
လက်ရှိတွင် (၁၁၇၆)ဦးကို ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ (၁၀၅)ဦးအထိရှိခဲ့ပြီး ဆေးရုံတက်ဆဲ လူနာ (၆၇)ဦး၊ ဆေးရုံဆင်းလူနာ (၃၇)ဦးနှင့် သေဆုံးသူ(၁)ဦးရှိခဲ့ကြောင်း၊ သေဆုံးသူမှာ အသက်(၇၃)နှစ် အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး နာတာရှည် ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် လေငန်းရောဂါအခံ ရှိထားသူ ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ကိုယ်ပူ၊ ချောင်းဆိုး၊ နှာချေ၊ ကိုယ်လက်ကိုက်ခဲ၊ နုံးခွေ၊ လည်ချောင်းနာ၊ ခံတွင်းပျက်စသော လက္ခဏာတစ်ခုခု ခံစားရလျှင် အနံ့မရသည်အထိမစောင့်ဘဲ ဖြစ်လျှင်ဖြစ်ချင်း ကျုံပျော်မြို့၊ အထက (၁) ရှိ fever clinic တွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိနှင့် ကျန်အချိန်များတွင် ဆေးရုံ အရေးပေါ်ဌာနနှင့် fever clinic သို့ လာရောက်ပြသပြီး ကုသမှု၊ အကြံပြုချက်များကိုခံယူ၍ မိသားစုနှင့် အခြားသူများသို့ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ကြောင်း သိရသည်။
ယခုအခါအထက(၁) ရှိ fever clinic သို့ စောစီးစွာလာရောက်ပြသသူများ ရှိလာပြီဖြစ်ပြီး ထိုသူများအနက်မှ ခွဲခြားစောင့်ကြည့်ခြင်း၊ လိုအပ်ပါက စစ်ဆေးပေးခြင်းများဖြင့် အခြားသူများကို ဆက်လက်မကူးစက်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိအသိစိတ်ဖြင့် တာဝန်သိစွာ လာရောက်ပြသူများ ကိုလည်း ကျန်းမာရေးဌာနမှ ကျေးဇူးတင်ရှိပါကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ တင်ဇော်ဝင်း ထံမှသိရသည်။
နေဝင်းမြင့်(ကျုံပျော်)