ကလော နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ တို့ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိမြေပြင် တွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဆက်လက်၍ လုပ်ငန်းများ သေချာစနစ်တကျ ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် က ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ နန်းပန်တက်ဂိတ်တွင် CCTV တပ်ဆင်ရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ နန်းပန်တက် စစ်ဆေးရေးဂိတ်တွင် အခြားတိုင်းနယ်၊ ပြည်နယ်များမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ကိုဗစ် - ၁၉ ရောဂါ ကင်းရှင်းကြောင်း သက်ဆိုင်ရာကျန်းမာရေးဌာန၏ သတ်မှတ်ရက်အတွင်း ဆေးစစ်ထောက်ခံချက် ပါရှိမှသာ ရှမ်းပြည်နယ် အတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဆေးစစ်ထောက်ခံချက်မပါရှိသည့် ကုန်တင်ယာဉ်များနှင့် ဆေးစစ်ချက် သတ်မှတ်ရက် ကျော်လွန်သော ယာဉ်များအား ပြည်နယ် အတွင်းသို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း၊ ပြည်နယ်အတွင်းရှိ ဒေသခံ ကုန်တင်ယာဉ်များသည် ကလောမြို့အထွက် စစ်ဆေးရေးဂိတ်နှင့် အေးသာယာမြို့ ဆေးရုံတို့တွင် ဆေးစစ်ချက်ရယူပြီး နန်းပန်တက်ဂိတ်မှ ပြန်လည်ဝင်ရောက်လာပါက ဆေးပြန်လည်စစ်ဆေးရမည် တံဆိပ်ရိုက်နှိပ်ထားသော ဆေးထောက်ခံချက် ဖြင့် ဆေးစစ်ပြီးမှသာ ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ၊ အခြားပြည်နယ်၊ တိုင်းများမှ အိမ်စီးကားများအား ကိုဗစ် - ၁၉ ရောဂါ ကင်းရှင်းကြောင်း (Negative) ဆေးစစ်ချက်ထောက်ခံစာပါမှသာ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း နေထိုင်သည့် အိမ်စီးကားများအနေဖြင့် သက်ဆိုင်ရာ မြို့များနှင့် ချိတ်ဆက်၍ Facility Quarantine ဝင်ရောက်ရမည်ဖြစ်ပြီး နန်းပန်တက်စစ်ဆေးရေးဂိတ်အား ည (၁၀)နာရီတွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း နန်းပန်တက် စစ်ဆေးရေးဂိတ်၏ ထုတ်ပြန်ချက်အရ သိရသည်။
သင်းသင်းမော်(ပြန်/ဆက်)