ကာမိုင်း နိုဝင်ဘာ ၂၀
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နယ်မြေမီးသတ်စခန်းနှင့် သုဂတိမဂ္ဂလူမှုကူညီရေး အသင်းတို့ ပူပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်သက်ဦးက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လူစုလူဝေးများ နှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ၊ ကျောင်းသားကျောင်းသူများအား အွန်လိုင်းမှတစ်ဆင့် ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ်ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကာမိုင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးမျိုးမြတ်အောင်က ဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ မိမိတို့တပ်ဖွဲ့အနေနဲ့ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင် ကာကွယ်ရေးအနေနဲ့ ဆောင်ရွက်ရမည့် အချက်များနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီးနောက် ဆောင်ရွက်ရသည့် အချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားပြီး၊ သုဂတိမဂ္ဂ လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးမောင်စိုးက အသင်း၏ ရည်ရွယ်ချက်များနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီးနောက် မိမိတို့အသင်းအနေနဲ့ ကူညီဆောင်ရွက်ချက်များကို လည်းကောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဇွဲသူရအောင်(ပြန်/ဆက်)