နမ္မတူမြို့နယ်ရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

နမ္မတူ နိုဝင်ဘာ ၂၀

Dan Churchaid Norwegian Church Aid (DCA-NCA)၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊    နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ  ပေးအပ်ရာတွင်  မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်နှင့် ရှမ်းပြည်နယ်မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီတို့က  နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၄)ရှိ မသန်စွမ်း (၄)ဦး၊ ပန်ဟိုက်ရပ်ကွက် (၃)ရှိ မသန်စွမ်း (၃)ဦး၊ ပန်ဝိုးကျေးရွာရှိ မသန်စွမ်း (၂)ဦး၊ ဆိုက်ခေါင်ကျေးရွာရှိ မသန်စွမ်း (၁)ဦး၊ စုစုပေါင်း မသန်စွမ်းသူ (၁၀)ဦးအား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်ဦးလျှင် အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဗူး (၁)ဘူး၊ Spray (100ml)ဘူး (၁)ဘူးနှင့် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁၀)ခု၊ လက်ဆေးဆပ်ပြာရည် (500ml)ဗူး (၁၀)ဘူး၊ Spray (100ml)ဘူး (၁၀)ဘူးနှင့် ထောက်ပံ့ငွေကျပ် (၂၀၀၀၀၀)အား အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

နမ္မတူမြို့နယ်အတွင်း မသန်စွမ်းသူ (၂၉၇)ဦးရှိပြီး မသန်စွမ်းသူအားလုံး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ရရှိစေရေး အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း  ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီထံမှ သိရသည်။

လူမော် (ပြန်/ဆက်)