ဟိုပန် နိုဝင်ဘာ ၂၀
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ကောင်းဟုန်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ကိုရင်ကြီးတစ်ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း ယမန်နေ့ညနေ (၃)နာရီအချိန် က သိရ သည်။
အဆိုပါကိုရင်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ဖော့ကန်ဝါဦး ပရိယတ္တိစာသင်တိုက်တွင် စာဝါသင်ကြားနေရာ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ၎င်းကျောင်းတိုက်မှ နောင်ချိုမြို့သို့ တစ်ပါးတည်း ကားစီးလုံးငှား၍ ရောက်ရှိညအိပ်ခဲ့ပြီး ၁၄ ရက်နေ့တွင် နောင်ချိုမြို့မှတစ်ဆင့် ထပ်မံ၍ တစ်ပါးတည်းကားစီးလုံးငှားကာ ဟိုပန်မြို့သို့ညပိုင်းတွင် ရောက်ရှိခဲ့သဖြင့် ကောင်းဟုန်းဇရပ်၌ Facility Quarantine ထားရှိစောင့်ကြည့်ခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဟိုပန်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုန်းဝင်းမှ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ အဆိုပါကိုရင်ကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ သံဃာဆောင်သို့ပြောင်းရွှေ့ပြီး Facility Quarantine ထားရှိ၍ ကျန်းမာရေး ဝန်ထမ်းများမှ စောင့်ကြည့်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ကိုရင်ကြီးနှင့် ထိတွေ့မိသော ၎င်း၏မိသားစု(၃)ဦးကို ဟိုပန်မြို့မအားကစားကွင်း Facility Quarantine တွင် ထားရှိ၍ စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ ကောင်းဟုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းအား Lock Down ချထားခဲ့သည်။ အဆိုပါ ကောင်းဟုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာ(၇)ပါး သီတင်းသုံးနေထိုင် လျက်ရှိကြောင်း ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)