ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဟိုပုံး   နိုဝင်ဘာ ၂၀

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်      အခမ်းအနားကို     ရှမ်းပြည်နယ် (တောင်ပိုင်း)၊   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် စွမ်းဆောင်နိုင်သော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်း က စံဖူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖြူကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင်(လုံခြုံ) ဒုတိယဗိုလ်မှူးကြီး ညီညီတင် က တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းနိုင် ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်လွင် က စငေါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ပန်းအောင် ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့် က တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများအား လက်ဆောင်ပစ္စည်းများပေးခဲ့ပြီးနောက် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရပ်/ကျေးကော်မရှင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရပ်/ကျေးစာရေးများအား စရိတ်ချီးမြှင့်ငွေများကိုလည်း ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်စာရေးဝန်ထမ်းများအား ဗလာမပါ ကံစမ်းမဲများဖောက်၍ အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ(၇)ရက်နေ့ တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြောင့် ကျင်းပနိုင်ခြင်းမရှိသော်လည်း  ယနေ့တွင် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)