မြင်းခြံ နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ အသက် ၁၀၀ နှစ်အထက် သက်ကြီး ရွယ်အို ဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ကျပ် ၃၀၀၀၀ အပြင် ထပ်ဆောင်းထောက်ပံ့ ငွေ ကျပ် ၃၀၀၀၀ စုစုပေါင်း ကျပ် ၆၀၀၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနရုံးက သိရသည်။
"အသက် ၁၀၀ နှစ်အထက် သက်ကြီးရွယ်အိုဘိုးဘွားများကို လူမှုရေးပင်စင် သုံးလပတ်တစ်ကြိမ် ကျပ် ၃၀၀၀၀ ထောက်ပံ့လျက်ရှိပြီး ယခု ပထမသုံးလပတ်တစ်ကြိမ်မှာ ကျပ် ၃၀၀၀၀ ထောက်ပံ့ငွေအပြင် ထပ်ဆောင်းထောက်ပံ့ငွေ ကျပ် ၃၀၀၀၀ စုစုပေါင်း ကျပ် ၆၀၀၀၀ ကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်" ဟု ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမောက်ဆိုင်က ပြောကြားသည်။
မြင်းခြံခရိုင်အတွင်းရှိ အသက် ၁၀၀ နှစ်အထက် သက်ကြီးရွယ်အိုဘိုးဘွား မြင်းခြံမြို့တွင် ၃၄ ဦး၊ နွားထိုးကြီးမြို့တွင် ၂၆ ဦး၊ တောင်သာမြို့တွင် ၂၄ ဦး၊ ငါန်းဇွန်မြို့တွင် ၁၁ ဦး စုစုပေါင်း ၉၅ ဦးရှိပြီး ဒီဇင်ဘာလတွင် စတင်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)