တနိုင်း နိုဝင်ဘာ ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ကထိန် ကာလအတွင်း၌ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ ကန့်သတ်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်တွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ မြို့နယ်အတွင်းရှိ ဘုန်းကြီး ကျောင်းများတွင် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲများကို သံဃာတော်၊ လူပုဂ္ဂိုလ်(၃၀)ဦး ထက်မပိုသော မိသားစုကထိန်ပုံစံဖြင့် ကျင်းပနိုင်ရေး၊ ဧည့်ပရိတ်သတ်များ မဖိတ်ခေါ်ဘဲ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပဆောင်ရွက်နိုင်ရန်၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ သဒ္ဓါတရားဖြင့် ထည့်ဝင်စုပေါင်း၍ အယောက်(၃၀)ထက်မပိုဘဲ သက်ဆိုင်ရာ ဘုန်းတော်ကြီး များသို့ ကထိန်ပဒေသာပင်နှင့် ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အကျဉ်းချုံးကျင်းပ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)