ပင်လောင်း နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ မြို့မဈေးတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရန် ပြည်သူများ၏ အခန်းကဏ္ဍသည် လွန်စွာအရေး ကြီးသောကြောင့် တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ (လုံးဝ)မသွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပြီး အနည်းဆုံး ခြောက်ပေအကွာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ မပျက်မကွက်တပ်ဆင်ကြရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် ဆေးကြောကြရန် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ မီးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ရှောင်ရန်/ ဆောင်ရန်အချက်များ ထည့်သွင်းရေးသားသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ခွန်အာကာစိုး(ပင်လောင်း)