မတူပီ နိုဝင်ဘာ ၂၀
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ (VDP)၊ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ရာ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာရွေးချယ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုတက်ရေး ဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးဟာမနားယော က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ၏ ရည်ရွယ်ချက်များနှင့် စီမံကိန်းကျေးရွာ ရွေးချယ်သတ်မှတ်ရာတွင် စံနှုန်းများဖြင့် ရွေးချယ်ရမည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာနေပြည်သူများ ကိုယ်တိုင် ပူးပေါင်း ပါဝင်၍ လုပ်ငန်းများတွင် စီမံခန့်ခွဲမှုများရရှိစေပြီး ကဏ္ဍပေါင်းစုံတွင် ပါဝင်ဆောင်ရွက်တတ်စေမည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ကျေးရွာ(VDP)အတွက် ကျေးရွာအုပ်စု (၇)အုပ်စုမှ ကျေးရွာ ၇ ရွာ ကို ရွေးချယ်ခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါ အကျိုးဆက်များကြောင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်ရရှိ၍ မိမိတို့ကိုယ်တိုင် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပြီး လုပ်အားခများရရှိသည့် စီမံကိန်း ဖြစ်သည့် Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မီးလင်းရေး စသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သတ်မှတ် စံနှုန်းများဖြင့် ကျေးရွာအုပ်စု (၉)အုပ်စုမှကျေးရွာ (၁၃)ရွာကို စိစစ်ရွေးချယ်ခဲ့သည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြစ်သည့် (VRFP) Village Revovling Fund Project စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာအုပ်စု(၆)အုပ်စုမှ ကျေးရွာ(၆)ရွာကို ရွေးချယ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးပါထန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလားလ်မင်းထန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လျန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟာမနားယောနှင့် ဝန်ထမ်းများဌာနများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)