မြိတ်မြို့တွင် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရေး စွမ်းရည်ထက်မြက်စေရန် ဇာတ်တိုက်လေ့ကျင့်

မြိတ် နိုဝင်ဘာ ၂၀

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍  ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေး အန္တရာယ်ကြောင့် ဆုံးရှုံးမှု လျော့ပါးသက်သာစေရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့မ အားကစားကွင်းတွင် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရေးစွမ်းရည် ထက်မြက်စေရေး မီးငြိမ်းသတ်ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ပိုက်လိပ်ခင်းကျင်းစနစ် လေ့ကျင့်ခြင်း၊ ရိုးရိုးမီးလောင်မှုအား မီးငြိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုအား ရေမှုန် ရေမွှားဖြင့် မီးငြှိမ်းသတ်ခြင်း၊ Foam Mixer အသုံးပြု၍ Foam ဆေးရည်ဖြင့်မီးငြိမ်းသတ်ခြင်း၊ ဂက် (စ်) မီးလောင်မှု အားရေမှုန်ရေမွှားဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

“ ကိုဗစ်ကာလမှာ ပြည်သူလူထုအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်မှု အားနည်းခဲ့ပါတယ်။ ကိုဗစ်ရောဂါ အခြေအနေကြောင့် စစ်ဆေးဆောင်ရွက်မှု အားနည်းခဲ့တဲ့ အတွက် ပြည်သူများ၏ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှု လျော့ပါးသက်သာစေဖို့အတွက် မီးငြိမ်းသတ်ရေးကို အဓိကထားပြီး မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရေး စွမ်းရည်ထက်မြက်စေရန် မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း က ပြောသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍  သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၃၀)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးတို့ဖြင့် Fire Point နေရာအား မီးငြိမ်းသတ်ရေး နည်းစနစ်များဖြင့် စနစ်တကျ  ဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ခိုင်ထူး (မြိတ် ပြန်/ဆက်)