တံတားဦး နိုဝင်ဘာ ၂၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးများကို ထုတ်ချေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ရေခါးကျေးရွာအုပ်စုကို ထုတ်ချေးခဲ့ကြောင်း သိရသည်။
ဆောင်းသီးနှံများ ထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးကြော ခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း တစ်ဦးနှင့်တစ်ဦး (၆) ပေကွာမှ အလှည့်ကျစနစ်ဖြင့် ထုတ်ချေးပေးပါကြောင်း ပြန်ဆပ်ရမည့်ကာလမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် နောက်ဆုံးပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ တောင်သူများအား ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာ တွင် စပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံများကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်း ထုတ်ချေးပါကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာဦးဘုန်းမြင့်ထံမှ သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ကျေးရွာအုပ်စု (၃၆) အုပ်စု၊ ဆောင်းသီးနှံစိုက်တောင်သူ (၄၄၃၀) ဦးကို စိုက်ပျိုးစရိတ်ချေးငွေကျပ် (၅၁၄၀၀) သိန်း ထုတ်ချေးပေးရန် လျာထားကြောင်း ယနေ့ ထုတ်ချေးပေးသည့် ရေခါးကျေးရွာအုပ်စုတွင် တောင်သူပေါင်း (၆၆) ဦး၊ အခြားသီးနှံ စိုက်ပျိုးရန် အတွက် ထုတ်ချေးငွေ ကျပ် (၄၆၁)သိန်းဖြစ်ကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)