ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မြို့နယ်ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီအစည်းအဝေးကို၊ ယနေ့ နံနက်(၁၀) နာရီခွဲအချိန်က၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြိုနယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ (TCRC) ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်က ညောင်ဦးခရိုင်အတွင်း ဦးစီးဌာနမှ ပံ့ပိုး ဆောင်ရွက်ပေးနေသည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြိုနယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ တွဲဘက်အတွင်းရေးမှူး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဝါဝါစိုးက ခရိုင်အတွင်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အမှုအခင်းများနှင့်ပတ်သက်၍ လိုက်ပါဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုတို့ကို ရှင်းလင်း ပြောကြားပြီး၊ ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Upper KMN) မှ မြို့နယ်ညှိနှိုင်းရေးမှူး ဒေါ်နန်းမြင့်ဦးက Upper KMN အဖွဲ့အနေဖြင့် စီမံချက်ဝင် ကျေးရွာများတွင် ကလေးအခွင့်အရေး လှုပ်ရှားဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးသည်။ ယင်းနောက် TCRC ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြိုနယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC) ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် TCRC အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်နှင့် ဝန်ထမ်းများ၊ ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Upper KMN) မှ မြို့နယ်ညှိနှိုင်းရေးမှူး ဒေါ်နန်းမြင့်ဦးနှင့် အဖွဲ့ဝင်များ စုစုပေါင်း (၂၀) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)