ပင်လုံ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က အခြေခံ လူတန်းစား များ ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်လုံမြို့၊ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး ဦးစိုင်းရွှေထွန်း က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ ထောက်ပံ့ငွေ ပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး ရပ်ကွက်(၂) အတွင်းရှိ အိမ်ထောင်စု (၂၁၈၂)စုအနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (၅၂၇)စုအတွက် သက်ဆိုင်ရာ အခြေခံလူတန်းစားမိသားစုဝင်များထံသို့ စတုတ္ထအကြိမ် လက်ဝယ်အရောက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပင်လုံမြို့ ရပ်ကွက်(၂)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂ဝဝဝဝ) နှုန်းဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ (၅၂၇)စုအတွက် စုစုပေါင်းငွေကျပ် (၁၀၅၄၀၀၀၀/-) တစ်ရာ့ငါးသိန်းလေးသောင်းကျပ်အား အခြေခံလူတန်းစားများ၏ လက်ဝယ်တို့ အရောက် ပင်လုံမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့က စတုတ္ထအကြိမ် ပေးအပ်နေပြီဖြစ်ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပင်လုံ၊ ပြန်/ဆက်)