မိုင်းပန်မြို့နယ်တွင် ပရဟိတသွေးလှူရှင်များအသင်းအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမှတ်တရအင်္ကျီများပေးဝေ

မိုင်းပန်   နိုဝင်ဘာ ၂ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နေ့လည် ၁၂ နာရီခွဲ အချိန် က ပရဟိတသွေးလှူရှင်များအသင်း၏ အသင်းဝင်များအတွက် အမှတ်တရအင်္ကျီများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပေးဝေခဲ့ကြောင်း သိရသည်။

ပရဟိတသွေးလှူရှင်များအသင်းအနေဖြင့် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ မြို့နယ်ပြည်သူ့ ဆေးရုံနှင့် အမှတ်(၁၁) တပ်မတော်ဆေးရုံ (ကုတင်-၂၅) တို့တွင် တက်ရောက်ဆေးကုသသော လူနာများအတွက် သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ယနေ့အချိန်အထိ စုစုပေါင်း သွေးအလုံး (၁၈ဝ) ကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအသင်းမှ အမြဲတမ်းသွေးလှူဒါန်းသူ (၁၁၃) ဦးအတွက် အမှတ်တရ အင်္ကျီများအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှပေးဝေရာ အဆိုပါအင်္ကျီများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာစိုင်းစောထူးအောင်၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးဌေးဝင်းတို့မှ ပရဟိတသွေးလှူရှင်များအသင်း၏ တာဝန်ရှိသူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် သွေးလှူဘဏ်မရှိသော်လည်း ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၂၆) ဦးမှ သွေးလှူဒါန်းရန် စာရင်းပေးသွင်းထားပြီး အချိန်မရွေး အခမဲ့ ကုသိုလ်ပြုလှူဒါန်းပေးကြသောကြောင့် သွေးသွင်းရန်လိုအပ်သည့် လူနာများအတွက် အဆင်ပြေ လျက်ရှိကြောင်းနှင့် A သွေးအလှူရှင်အနေဖြင့် (၂၉) ဦး၊ B သွေးအလှူရှင်အနေဖြင့် (၄၂) ဦး၊ AB သွေးအလှူရှင်အနေဖြင့် (၂ဝ) ဦးနှင့် O သွေးအလှူရှင်အနေဖြင့် (၃၅) ဦးရှိကြောင်း ပရဟိတသွေးလှူရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆန်းမြင့်(မိုင်းပန်)