ခိုင်ကမ်း နိုဝင်ဘာ ၂၀
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း(၅၀၀)ဖြင့် လုပ်ငန်း(၁၇)ခုကိုဆောင်ရွက် မည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
အဆိုပါလုပ်ငန်းတွင် ခိုင်ကမ်းလမ်းမကြီး ကတ္တရာခင်းခြင်းလုပ်ငန်း (၅၂၈၀×၁၈)ပေ၊ ဦးနိုင်းကီးအွမ် အိမ်နားရေပြွန် တည်ဆောက်ခြင်း (၃၀×၃×၃)ပေ၊ ဒေါ်ကျင်အဲ့ဟောင် အိမ်နား ရေပြွန်တည်ဆောက်ခြင်း (၁၈×၁၂×၄)ပေ၊ မီးသတ်ရုံးနှင့် လျှပ်စစ်ရုံးသွား လမ်းကွန်ကရစ် ခင်းခြင်း(၁၃၀၀×၁၈)ပေ၊ မြို့ပြစီမံကိန်းဆောင်ရွက်ခြင်းလုပ်ငန်းစသည့် လမ်းတံတားများအတွက် ခွင့်ပြုရန်ပုံငွေ (၄၀၁,၄၀၀,၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ခိုင်ကမ်းမြို့ တိုးချဲ့လမ်းမီး တပ်ဆင်ခြင်းလုပ်ငန်း (80LED ) (Cable)ကြိုးအပါ (၁၀၈)လုံး၊ ပန်းခြံအတွင်းအသုံးပြုရန် ဒန်းနှင့် အခြားဆက်စပ်ပစ္စည်းများဝယ်ယူတပ်ဆင်ခြင်း၊ မြို့တွင်းလမ်းများလမ်း အမည်ဆိုင်းဘုတ်တပ် ဆင်ခြင်း (၅၀)ခု၊ တောမီးကြောင့် ပျက်ဆီးသွားသည့် တွီဆွတ်ရေပိုက်ပြုပြင်ခြင်းလုပ်ငန်း (၃'' HDPE Pipe) (၅၁၅၀)ပေ၊ စည်ပင်သာယာရေးဈေးဆိုင်ခန်းမ အတွင်းမီးလိုင်း တပ်ဆင်ခြင်းလုပ်ငန်း(ဓာတ်တိုင်အပါ) စသည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေ (၈၂,၅၀၀,၀၀၀)ကျပ်၊ မီးစက်(၁)လုံး ဝယ်ယူခြင်း(ဓာတ်ဆီအင်ဂျင်)၊ Laptop Computer (၁) လုံးဝယူခြင်း၊ Air Con ဝယ်ယူတပ်ဆင်ခြင်း(၂)လုံးစသည့် စက်ကရိယာများအတွက် ခွင့်ပြုရန်ပုံငွေ စုစုပေါင်း(၄,၅၀၀,၀၀၀)၊ Steel Cabinet ၊ WIP ဆက်တီဝယ်ယူခြင်း၊ ဆက်တီထိုင်ခုံ(၁)စုံ ဝယ်ယူခြင်းစသည့် ပရိဘောဂများ အတွက် ခွင့်ပြုရန်ပုံငွေ (၁၀,၆၀၀,၀၀၀)ကျပ်နှင့် လုပ်ငန်းသုံး မော်တော်ဆိုင်ကယ် (၁)စီး (KENBO-125)အတွက် ခွင့်ပြုရန်ပုံငွေ(၁,၀၀၀,၀၀၀) ကျပ်တို့ကိုအသုံးပြု သွားမည်ဖြစ်ကြောင်းခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးယောအောင် ထံမှသိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)