မိုင်းပန် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ၌ ယနေ့နေ့လည် (၁) နာရီအချိန် က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လွိုင်လင်ဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်အတွက် ချေးငွေများ လာရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လွိုင်လင်ဘဏ်ခွဲမှ မိုင်းပန်မြို့နေ ဒေသခံတောင်သူများ ဆောင်းရာသီတွင် ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးနိုင်စေရန်အတွက် စိုက်ပျိုးစရိတ်များကို လာရောက်ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် အရှေ့ရပ်ကွက်နှင့် အလယ်ရပ်ကွက်နေ တောင်သူများမှ လာရောက်ချေးယူခဲ့ကြောင်း သိရသည်။ ထိုသို့ချေးပေးရာတွင် စပါးသီးနှံအတွက် (၁)ဧကလျှင် ငွေကျပ် (၁)သိန်းခွဲနှုန်း၊ အခြားသီးနှံများအတွက် (၁)ဧကလျှင် ငွေကျပ် (၁) သိန်းနှုန်း သတ်မှတ်၍ ထုတ်ချေးပေးလျက်ရှိပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ရှိသူ တောင်သူတိုင်း ထုတ်ချေးပေးကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်မရှိသည့်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လွိုင်လင်ဘဏ်ခွဲမှ ယခုကဲ့သို့ လာရောက်ချေးပေးလေ့ရှိကြောင်းနှင့် ၂ဝ၁၉ ခုနှစ်တွင် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်အတွက် (၅၁) သိန်းကျပ်၊ ၂ဝ၂ဝ ပြည့်နှစ်တွင် မိုးရာသီသီးနှံ စိုက်ပျိုးစရိတ်အတွက် (၁၂၆) သိန်း နှင့် COVID-19 Special Relief Loan အတွက် (၄၂) သိန်းတို့အား လာရောက်ချေးပေးခဲ့ကြောင်းနှင့် ယခုအခါ ၂ဝ၂ဝ ပြည့်နှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးစရိတ် ပဲပုတ်စိုက်ပျိုးခြင်းအတွက် တောင်သူ (၁၆) ဦးအား စုစုပေါင်း ချေးငွေ (၇၈) သိန်းကျပ်အား လာရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဆန်းမြင့်(မိုင်းပန်)