ကျောက်ဆည် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသ ခံယူနေသည့် လူနာများအတွက် လိုအပ်လျက်ရှိသောသွေးများ ဖြည့်ဆည်းပေးနိုင်ရေး အတွက် ယနေ့နံနက် (၉)နာရီက စမ်းရည် သွေးလှူရှင်အသင်းဝင်များ စုပေါင်းပြီး သွေးမျိုးစုံ(၃၇) လုံး လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
သွေးလှူဒါန်းခြင်းများနှင့် ပတ်သက်၍ “ကျောက်ဆည်ဆေးရုံကြီးမှာ ကျွန်တော်တို့သွေးလှူရှင် အသင်းက အမြဲသွေးလှူနေကြပါ အခုလည်း ဆေးရုံကြီးက သွေးလိုလို့ ဖုန်းဆက် အကြောင်းကြားတာကြောင့် ကျွန်တော်တို့ အသင်းဝင်တွေစုပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနဲ့အညီ လှူဒါန်းခဲ့တာပါ။ သွေးလှူဒါန်းသူတွေ ကိုလည်း သွေးအားအမြန်ပြန်လည်ပြည့်ဝစေရေးအတွက် အချိုရည်ဘူး၊ ကြက်ဥ၊ ရေသန့်ဘူးနဲ့ အာဟာရဖြစ်မုန့်တွေ ပြန်လည်ပေးဝေခဲ့ပါတယ်” ဟု စမ်းရည်သွေးလှူရှင် အသင်းဥက္ကဋ္ဌ ဦးသက်ခိုင်က ပြောသည်။
စမ်းရေ သွေးလှူရှင်အသင်းသည် သွေးတစ်မျိုးတည်းကိုသာ အဓိကထား လှူဒါန်းခြင်းဖြစ်ပြီး လက်ရှိတွင် အသင်းဝင်အင်အား(၁၅၀)ဦးရှိကာ ကျောက်ဆည် အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီး၏ လိုအပ်သည့် သွေးများကိုသာ အဓိကလှူဒါန်းခြင်းပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)