ကော့သောင်း နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက သက်ကြီးရွယ်အိုများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မိန်းကလေးငယ် များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ရွှေဇင်ယော်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ကျန်းမာရေးအထောက်အကူပေးမှု အစီအစဉ်တွင် ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေးမိခင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက NGO အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးလျှော့ချရေးအသင်းမှ စေတနာ့ဝန်ထမ်းများ အကူအညီဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်း၊ ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ပေါင်ချိန်ပေးခြင်း၊ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း၊ အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းခလေးငယ် များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါအစီအစဉ်တွင် ARC ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့၏ အထောက်အပံ့ဖြင့် ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး လိုအပ်သည့် ဆေးဝါးများအား အခမဲ့ထောက်ပံ့ပေးခဲ့ကြကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)