ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၃၂)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်    နိုဝင်ဘာ   ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ  မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့်   ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏  သက်ဆိုင်ရာ  တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၅) နာရီအချိန်က နေရပ်ပြန်ပြည်သူ (၃၂)ဦးအား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၃၂)ဦးမှာ အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၁၅)ဦးတို့ ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ(၂)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ(၁)ဦး၊ ပေါင်းတည်မြို့နယ်မှ(၁)ဦး၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှ(၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ(၃)ဦး၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ(၁)ဦး၊ လယ်ဝေးမြို့နယ်မှ(၁)ဦးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်များမှ(၂၂)ဦးတို့ ဖြစ်ကြောင်း သိရသည်။

၎င်းနေရပ်ပြန်ပြည်သူ(၃၂)ဦးသည် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများဖြစ်၍ ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွင်(၁၄)ရက် ထားရှိပြီး  ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ၎င်းတို့၏ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်တို့အား ရယူကာ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓါတ်ခွဲအဖြေအရ ရောဂါပိုး မတွေ့ရှိရကြောင်း၊ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့     ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား  စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၇၈၉)ဦးနှင့် အမျိုးသမီး(၇၀၇၈)ဦးတို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၅၈၆၇)ဦးတို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)