ငါးသယံဇာတထိန်းသိမ်းရေး ပညာပေးဆွေးနွေးကာ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

တနင်္သာရီ   နိုဝင်ဘာ   ၂၁

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင့်တင့်ရဲသည် ဌာနဝန်ထမ်းများနှင့်အတူ  ယမန်နေ့ နံနက် ၁၁ နာရီခွဲက အနောက်မော်တုန်းကျေးရွာအုပ်စု-နန်းစိမ့်ပြင်ကျေးရွာ ငါးအဝယ်ဒိုင်နေအိမ်၌ ရေလုပ်ငန်းလုပ်ကိုင် ၍ အသက်မွေးဝမ်းကြောင်းပြုနေသူ ရေလုပ်သားများကို ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် အသိပညာပေးတားမြစ် ဆွေးနွေးကြောင်း သိရှိရသည်။

ယင်းသို့ သတိပေးတားမြှစ်ဆွေးနွေးရာသို့  အနောက်မော်တုန်းကျေးရွာအုပ်စုအတွင်းမှ ရေလုပ်သား(၁၅)ဦး တက်ရောက်ခဲ့ကြပြီး ဦးစီးအရာရှိ ဒေါ်တင့်တင့်ရဲက ငါးများကိုမိုင်းခွဲ၍ ဖမ်းဆီးခြင်းလျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ ဆေးချငါးဖမ်းခြင်းများကို ခွင့်မပြုဘဲ တားမြှစ်ထားပါသဖြင့် ထိုကဲ့သို့ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားပြီး၊ ငါးပုံမှန်စားသုံးခြင်းသည် ကျန်းမာရေး(အထူးသဖြင့် ကိုယ်ခံအားကောင်းမွန်ရေး)အတွက် အကျိုးရှိစေသည်ကို ဒေသခံပြည်သူများက ကျယ်ကျယ်ပျံ့ပျံ့သိရှိနိုင်ရန်အတွက် “COViD-19 ရောဂါ ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ အလားတူ တမုတ်ချုန်း ကျေးရွာအုပ်စု၊ ကျောက်မီးချောင်းရွာနှင့် မြန်မာအင်းတော်ကျေးရွာရှိ ရေလုပ်သားများကိုလည်း မိုင်းခွဲ၍ငါးဖမ်းခြင်း၊ လျှပ်စစ်ဖြင့်ရှော့ တိုက်ခြင်းနှင့်ဆေးချငါးဖမ်းခြင်းမျိုး မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)