တနင်္သာရီ နိုဝင်ဘာ ၂၁
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)နှင့် စိုက်ပျိုးရေးဦးစီးဌာနပူးပေါင်း၍ ဝန်ထမ်းများ စွမ်းဆောင် ရည်ပိုမိုမြင့်မားပြီး တောင်သူအကျိုးပြုလုပ်ငန်းများကို ပြောင်းလဲလာသော ရာသီဥတုအမှီပြုကာ သဟဇာတဖြစ်အောင် စိုက်ပျိုးရေးနည်းစနစ်(ရက်တို)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းအတွင်း ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှလက်ထောက်ညွှန်ကြားရေး မှူး ဒေါ်လှလှဝင်း၊ မျိုးစေ့ဌာနခွဲမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြိုင်၊ သီးနှံကာကွယ် ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုးနှင့် မြိတ်ခရိုင်/တနင်္သာရီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ပင်ကွင်းကျေးရွာ နှစ်ရှည်ခြံမှဝန်ထမ်းများအစရှိသည့် သင်တန်းသား(၃၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ (FAO)ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှလုပ်ငန်းကြီးကြပ်အရာရှိ ဒေါ်အေးမြမိုးက ဗွီဒီယို ကွန်ဖရင့်ဖြင့် မိတ်ဆက်အမှာစကားပြောကြားပေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးသည်။
ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဝင်း၊ မျိုးစေ့ဌာနခွဲမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြိုင်၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုး တို့က ကောင်းမွန်သောမြေနှင့်မျိုးကောင်းမျိုးသန့်ရရှိရေး၊ သီးနှံကာကွယ်ရေးဆိုင်ရာပိုးမွှား အမျိုးမျိုး ကာကွယ်နည်းများကို Projector ဖြင့် မှတ်သား လွယ်ကူအောင်သင်ကြားပို့ချ ဆွေးနွေးပေးကြ သည်။
ဆက်လက်၍ အဆိုပါသင်တန်းဆရာများနှင့် သင်တန်းသားများသည် ညနေ(၄)နာရီအချိန်၌ အရှေ့မော်တုန်းကျေးရွာမှ ကိုဗစ်-၁၉ ကာလ CERP အစီအစဉ်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ် စိုက်ခင်းအတွင်း မျိုးစေ့ စံချိန်စံညွှန်းကိုက်ညီအောင် လက်တွေ့ကွင်းဆင်း စစ်ဆေး ကြည့်ရှုကြရာ မျိုးစေ့ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြိုင်နှင့်အဖွဲ့က မျိုးခွဲနုတ်ပြီး လက်တွေ့ သရုပ်ပြသပေးကြပြီး ၎င်းသင်တန်းသားများက မိမိတို့နှင့်နီးစပ်ရာအကျိုးဆောင်တောင်သူများကို ထပ်ဆင့်မျှဝေ ပညာပေးသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)