ကြံခင်းမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာလမ်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

ကြံခင်း   နိုဝင်ဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ကျေးရွာလမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ရွေးချယ်ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တင်ပြလာသော လမ်း၊ တံတား ပြုပြင်ပေးနိုင်ရေး ဦးစားပေးစိစစ်ရွေးချယ်ခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ရွေးချယ်ရာတွင် လမ်း၊ တံတားများအား လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် လမ်း၊ တံတားများ ပြုပြင်ထိန်းသိမ်းခြင်း၊ လိုအပ်လျက်ရှိသော လမ်းများအား ပြုပြင်ပေးနိုင်ရေး အမှန်တကယ် ပျက်စီးယိုယွင်းနေမှုအား ပြင်ဆင်နိုင်ရန် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တင်ပြလာသော နေရာ(၃၄)နေရာအတွက် လုပ်ငန်း(၁၃)မျိုးအား ဦးစားပေး ရွေးချယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)စုရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေး ရွေးချယ်ဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)