တတိယအကြိမ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အ.ထ.က (၂) တောင်ကြီး၌ စည်ကားသိုက်မြိုက်စွာကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား‌ကျောင်းသူ လူငယ်လူရွယ်လူများ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများကိုအခြေခံကာ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် (၉)နာရီက စတင်ကာတောင်ကြီးမြို့ အမှတ်-၂ အခြေခံပညာအထက်တန်း‌ကျောင်းတွင် တတိယအကြိမ် ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပွဲ‌တော်တွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအတွက် စာပေဟောပြောပွဲ၊ စာပေစကားဝိုင်းကျင်းပပေးကာ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအနေဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲ စသည့်ပြိုင်ပွဲ (၆)မျိုး  ကျင်းပပေးပြီး တောင်ကြီးမြို့ရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်‌ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီးတော့ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ စိတ်အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာ‌စေရန်ရည်ရွယ်၍ စကားပုံဆက်၊ ရုပ်ပုံဆက်၊ မြားပစ်၊ ခါးလှည့်၊ ခွက်နင်းလမ်းလျှောက်၊ စက်ဝိုင်းလှည့်၊ ခုံဖိနပ်စီး၊ ဆန်ကောရွက်၊ ဂုန်နီအိတ်စွပ် စသည့်အားကစားပြိုင်ပွဲ (၉)မျိုး ကျင်းပပေးခဲ့ရာ အခြေခံပညာစာသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၅၀၀၀ ကျော် ပျော်ရွှင်စွာဝင်ရောက်ပါဝင်ဆင်နွှဲခဲ့ပြီး ပြိုင်ပွဲအသီးသီးတို့တွင် အနိုင်ရရှိသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာပေကို စိတ်ဝင်စားကာ စာအုပ်စာပေကောင်းများ ရှာမှီး‌လေ့လာဖတ်ရှုတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ် ၁၇၀၀ ကျော်ဖြင့် စာအုပ်စာစောင်ပြပွဲခင်းကျင်းပြသကာ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာပေ‌ကောင်းများကို ငှားရမ်းဖတ်ရှုခွင့်ပေးခဲ့သည်။

ထို့အပြင် ကျောက်စာ၊ မင်စာ၊ ပေစာ၊ ပရပိုက်စာ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်  “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ  တန်ခိုးကြီးဘုရားစေတီ‌ပုထိုး‌များနှင့် အေးချမ်းသာယာလှပသည့် သဘာဝရှုခင်းအလှများကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ဉာဏစွမ်းရည်ပြိုင်ပွဲ (၆)ခုတို့တွင် ထူးချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား  စက်တင်ဘာလ (၆) ရက်၊ သောကြာနေ့တွင် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)