ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာသစ်(၂)ဦး ထပ်တိုးတွေ့ရှိ

ရွှေကူ            နိုဝင်ဘာ        ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ နံနက်(၉)နာရီခွဲခန့်တွင် မန္တလေး−ဗန်းမော်လမ်း တွင် ပြေးဆွဲလျက်ရှိသော ၆ ဘီး ကုန်တင်ယာဉ်(၁)စီးမှ မတ္တရာမြို့နယ် ကံပိုင်ကျေးရွာ နေထိုင်သော ယာဉ်မောင်းအမျိုးသား (၁) ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ညနေ(၄)နာရီခွဲခန့်က ရွှေကူမြို့ အမှတ်(၄)ရပ်ကွက်ရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိသော ရဲတပ်သား(၁)ဦးထံတွင်    ကိုဗစ်− ၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့သည်။

အဆိုပါ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ယာဉ်မောင်း(၁)ဦးနှင့် ရဲတပ်သား(၁)ဦးအား ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိကာ ယာဉ်နောက်လိုက် (၁)ဦးနှင့်အတူ ပိုးတွေ့ရဲတပ်သားနှင့် ဆက်စပ်လျက်ရှိသော ရွှေကူမြို့နယ် ရဲတပ်ဖွဲ့ဝင်အချို့ကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင် ထားရှိကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့ရှိအတည်ပြုလူနာ စုစုပေါင်း(၁၀)ဦး ရှိပြီဖြစ်ကြောင်း၊ (၂)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ် ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)