မန္တလေး နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် သောက်သုံးရေလုံလောက်စွာရရှိစေရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၂၈၀၀ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
"ကျေးလက်ဒေသတွေ သန့်ရှင်းတဲ့သောက်သုံးရေရရှိရေးက ကျွန်တော်တို့ရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှစ်တစ်ခုကို လျာထားပြီဆိုရင် နွေရာသီမှာ ရေရှားပါးပြတ်လပ်ခဲ့တဲ့ ကျေးရွာတွေ လွှတ်တော်မှာ ကတိကဝတ်ဖြစ်ခဲ့တဲ့ လုပ်ငန်းတွေ ကွင်းဆင်းတဲ့အခါ ဒေသခံတွေက သူတို့ အခက်ခဲတွေ တင်ပြတဲ့ဟာတွေကို စာရင်းတွေပြုစုပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျေးရွာရဲ့ အိမ်ခြေအရေအတွက်နဲ့ ကျွန်တော်တို့ လုပ်ပေးတာနဲ့ မလုံလောက်သေးဘူးဆိုရင် ထပ်လုပ်ပေးရတာမျိုးရှိပါတယ်။ လုပ်ငန်းတွေကို လုပ်ငန်းဆောင်ရွက်ခွင့် တင်ဒါတွေ ခေါ်ယူနေပါပြီ။ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇နဲ့အညီ ဆောင်ရွက်တဲ့အခါမှာ ငွေကျပ် ၁၀သန်းအောက် လုပ်ငန်းငယ်လေးတွေလည်း ရှိပါတယ်။ ငွေကျပ် ၁၀ သန်းနဲ့ ၁၀၀ ကြား လုပ်ငန်းတွေ ရှိတယ်။ ငွေကျပ် ၁၀၀ အထက် လုပ်ငန်းတွေရှိပါတယ်။ ငွေကျပ် ၁၀ သန်းနဲ့ ငွေကျပ်သန်း ၁၀၀ အထက် လုပ်ငန်းတွေကို တင်ဒါခေါ်ယူတဲ့အခါမှာ လောလောဆယ် တင်ဒါတင်သွင်းပြီးလို့ နည်းပညာအဆိုပြုလွှာမှာ ပါတဲ့ စက်ယန္တယားကိုလည်း စိစစ်ပြီး ဖြစ်ပါတယ်။ နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာလဆန်းလောက်ဆိုရင် တင်ဒါဖွင့်ပွဲဆောင်ရွက်ပြီးရင် ဒီဇင်ဘာလ လယ်လောက်မှာ ကုမ္ပဏီတွေကို တာဝန်ပေးပြီး ဆောင်ရွက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။
လက်ရှိဘတ်ဂျက်အနေနဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသတွေ ရေရရှိရေးအတွက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများမှာ တွင်းနက်ပေါင်း ၈၀ခု၊ လက်တူးတွင်းနှင့် တွင်းတိမ် ၂၁ တွင်း၊ မြေသားရေကန် ၃၃ ကန်၊ စိမ့်စမ်းသွယ် လုပ်ငန်း ၆ ခုဖြစ်ပြီး ယင်းတို့ကို လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
"ကျေးလက်ဒေသ သောက်သုံးရေရရှိရေးက တစ်နှစ်ပြီး တစ်နှစ် ဆောင်ရွက်ပေးနေတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် လွှမ်းခြုံမှုကောင်းလာတယ်။ ရာသီဥတုကြောင့် မဟုတ်ဘူးဆိုရင် မန္တလေးတိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ ကျေးရွာတွေရေအခက်ခဲသိပ်မရှိတော့ဘူး။ မန္တလေးတိုင်းက အပူပိုင်းဇုန်ဖြစ်တဲ့အတွက် ညောင်ဦးခရိုင်တို့ မြင်းခြံခရိုင်တို့ဆိုရင် ရွှေကိုမလို ရေကိုလိုတောင် ဖြစ်ခဲ့တာကို အခုဆိုရင် အဲဒီဒေသတွေမှာ သောက်သုံးရေခက်ခဲလို့ နွေရာသီ ရေရှားပါးလို့ ဖြန့်ဝေရတဲ့ကျေးရွာတောင် မရှိသလောက်ဖြစ်နေပြီ" ဟု ဆက်ပြောသည်။
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် UNICEF Myanmar တို့နှင့် ပူးပေါင်း၍ ၂၀၃၀ ခုနှစ်ကို Target ထားကာ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာဗျူဟာရေးဆွဲပြီး ကျေးရွာများတွင်သာမက ကျေးရွာများရှိ ပညာရေး၊ ကျန်းမာရေးနယ်ပယ် များတွင် သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်