ဒေးဒရဲ နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign လှုပ်ရှားမှုများနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများအား ယနေ့နံနက် ၇ နာရီကစ၍ မြို့အတွင်း လူစည်ကားရာနေရာများ၌ ဆက်လက် ဆောင်ရွက်ပေးလျက ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် Mask Campaign လှုပ်ရှားမှုများနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့များ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး၊ အေဝမ်းဈေး၊ ရုံးကြီး(၆)လမ်းဈေး၊ မြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်နေရာ၊ ပြည်တော်သာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်းထောင့် နေရာတို့တွင် အဖွဲ့(၆)ဖွဲ့ခွဲ၍ ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအား Hand Speaker ဖြင့် အသိပညာပေး ပြောကြားခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း အဆိုပါ အသိပညာပေးလုပ်ငန်းများအား တစ်ပြိုင်တည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)