မတ္တရာ နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် လယ်ကောကြီးကျေးရွာမှ ကိုဗစ်၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၉ ဦးအား ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ၅ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သူများအား အောင်မြေသုခ ကွာရန်တင်း စင်တာတွင် သီးသန့်ထားရှိခဲ့ပြီး ပထမအကြိမ် စစ်ဆေးရာ Negative အဖြေထွက်ရှိခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းက ဒုတိယအကြိမ် Swab ယူ၍ မန္တလေးဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးရာမှ Positive အဖြေ ထွက်ရှိခဲ့ခြင်းဖြစ်သည်။
ယခုတွေ့ရှိခဲ့သော ပိုးတွေ့လူနာများဖြစ်သည့် အသက်(၃၂)နှစ် အရွယ်ရှိ အမျိုးသား(၁)တစ်ဦး၊ အသက်(၂၂)နှစ်အရွယ်ရှိ အမျိုးသမီး(၁)ဦး၊ အသက်(၂၈)နှစ် အရွယ်ရှိ အမျိုးသမီး(၁)ဦး၊ အသက်(၁၂)အရွယ်ရှိ မိန်းကလေး(၁)ဦး၊ အသက်(၂၅)နှစ် အရွယ် ရှိ အမျိုးသား(၁)ဦးတို့အား မတ္တရာပြည်သူ့ဆေးရုံ သီးခြားအဆောင် သီးသန့်အခန်းတွင် ထားရှိပြီး စောင့်ကြည့် ကုသပေးသွားမည် ဖြစ်သည်။
မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်၁၉ရောဂါ အတည်ပြုလူနာ ၁၅ ဦး တက်ရောက်ကုသမှုခံယူနေပြီး အောင်မြေသုခဘုန်းတော်ကြီးကျောင်းရှိ ကွာရန်တင်း စင်တာ တွင် ၂၁ ဦးအား အသွားအလာကန့်သတ်၍ စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)