ဖျာပုံ နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ခါးပြတ်ကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ်(၆)လုံး ဆုံးရှုံးမှုအား ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်း(၁၇)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်ကရွှေထီးကျေးရွာအ ထ က ခွဲကျောင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါမီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက အားပေးစကားပြောကြားပြီး ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်းက မီးဘေးသင့်အိမ်ထောင်စုများသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက မီးဘေးသင့်ခဲ့ကြသော အိမ်ထောင်စု(၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုးပါ ပုံးတစ်လုံး၊ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်(၁)သိန်းစီနှင့် မီးဘေးသင့်အိမ်ထောင်စု(၆)စုရှိ လူဦးရေ(၃၀)ဦးအတွက် ဆန်ရိက္ခာ၊ လူတစ်ဦးလျှင်တစ်ရက်စာ (၃၀၀)ကျပ်နှုန်း၊ (၇)ရက်စာ(၂၁၀၀) ကျပ်နှုန်းဖြင့် ငွေကျပ်(၆၃၀၀၀)နှင့် မီးဘေးကြိုတင်ကာကွယ်ရင်း လူနေအိမ်အမိုး ပျက်စီးနေအိမ်(၂) လုံး အတွက် ထောက်ပံ့ငွေ တစ်အိမ်ထောင်စုလျှင်(၅)သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၂)စုအတွက် (၁)သိန်းကျပ် စုစုပေါင်းထောက်ပံ့ငွေကျပ်(၇၆၃,၀၀၀)အား အမျိုးအားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့်တာဝန်ရှိသူများက ခါးပြတ်ကျေးရွာ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)