ကျောက်မဲ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဆိုင်များထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးမည်ဖြစ်ရာ အဆိုပါဆိုင်များက စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီမှစ၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့တို့သည် ကျောက်မဲမြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ဆိုင်ရှင်များနှင့် ဆိုင်တာဝန်ခံများအား စားသောက်ဆိုင်များတွင် ပြင်ဆင် ထားရမည့် အချက်များ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အထူး ဂရုပြုဆောင်ရွက် ရမည့် သန့်ရှင်းရေးလုပ်ငန်းများ အစရှိသည့်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကာ သိရှိကြောင်း လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်းတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ပေါင်း ၁၀၀ ကျော်ရှိပြီး အဆိုပါဆိုင်များကို စက်တင်ဘာ လ ၂၅ ရက်နေ့ကစ၍ ဆိုင်ထိုင်ရောင်းချခြင်းကို ခွင့်မပြုတော့ဘဲ Take Away ပါဆယ်စနစ်ဖြင့်သာ ရောင်းချ စေခဲ့ရာမှ ယခုအခါ ယင်းဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့်ပြုရန်အတွက် ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားသည့် ဆိုင်များကို စာရင်းပြုစုကာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနသို့ တင်ပြ၍ ပြည်နယ်၏ ခွင့်ပြုချက်ဖြင့်သာ ဆိုင်များကို ပြန်လည်၍ ဆိုင်ထိုင်ရောင်းချခွင့်ပြုပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)